စီးပွားရေးပညာရှင် ဒေါက်တာ မောင်မောင်စိုး

“ မြန်မာနိုင်ငံရဲ့ စီးပွားရေး အပြောင်းအလဲကို သုံးသပ်ရမယ်ဆိုရင် အပိုင်းလိုက် ခွဲပြီး ကြည့်ရမယ်။ တချို့နိုင်ငံတွေမှာ စီးပွားရေး အရင်ပြောင်းပြီးမှ နိုင်ငံရေး အပြောင်းအလဲ လုပ်တယ်။
မြန်မာနိုင်ငံအနေနဲ့ကတော့ နိုင်ငံရေး အရင် ပြောင်းလဲပြီးမှ စီးပွားရေး လိုက်ပြောင်းလဲတယ်။ စီးပွားရေးအပြောင်းအလဲဆိုရင် အခုလက်ရှိ အခြေအနေကို သုံးသပ်ကြည့်ရတာ ပြုပြင်ပြောင်းလဲမှု အခြေအနေမှာပဲ ရှိအုံးမယ်။ ဒါတွေကနေပြီး အကျိုးသက်ရောက်မှုဆိုတဲ့ အဆင့်ကို မရောက်လာသေးဘူး။
အစိုးရသစ်တက်ပြီးနောက်ပိုင်း စီးပွားရေးပြောင်းလဲမှုတွေဆိုရင် ပို့ကုန်၊ သွင်းကုန်ပိုင်းတွေ တိုးတက်လာတယ်။ ကားတင်သွင်းခွင့်တွေ ခွင့်ပြုလာတယ်။ ဒါပေမယ့် အကျိုးသက်ရောက်မှုပိုင်းကို ကြည့်ရင် ကားလမ်းတွေ ကြပ်လာတာ သက်ရောက်မှုလို့ ပြောလို့ မရဘူး။ လမ်းပန်းဆက်သွယ်ရေး ဘာတွေ လုပ်နေပြီလဲ။ ဘယ်လောက်ထိ လူနေမှုအဆင့်အတန်းတွေ မြင့်မားလာပြီလဲ။
အခုကတော့ ပြုပြင်ပြောင်းလဲရေး အနေအထားပဲ ရှိသေးတယ်။ နှစ်နှစ်တာ ကာလလောက်နဲ့တော့ အရမ်းကြီး အကျိုးသက်ရောက်မှုရှိအုံးမှာ မဟုတ်ဘူး။
နောက်ပြီး အခုလက်ရှိ အခြေအနေမှာ ဖြစ်နေတဲ့ နိုင်ငံခြားငွေကြေးတွေ ဒေါ်လာဈေးတက်နေတာဟာ တိုင်းပြည်တစ်ခုလုံးအနေနဲ့ ပြောရရင် သိပ်တော့ မကောင်းလှဘူး။
အခုက မြန်မာကျပ်ငွေကိုပဲ တန်ဘိုးချဖို့ စဉ်းစားနေတဲ့သဘောဖြစ်နေတယ်။ ဒီလိုလုပ်ချင်လည်း လိုက်လျောညီထွေ လိုက်ကစားနိုင်ဖို့ လိုအပ်တယ်။
တန်ဘိုး တက်နေတာကို တန်ဘိုးကျအောင်လုပ်တာက ခံနိုင်ရည်မရှိရင် အဲဒီ အကျိုးဆက်က ပေါ် လာလိမ့်မယ်။ တချို့ပြောကြတယ်။ မြန်မာကျပ်ငွေ တန်ဘိုးကျတာက ပို့ကုန်သမားတွေအတွက် ကောင်းတယ်လို့ ပြောတယ်။ ဒါဆို ပို့ကုန်ဘယ်လောက်ထိ ပို့နိုင်သွားလဲဆိုတာ ပြန်ကြည့်ရမယ်။ မြန်မာပြည်ရဲ့ ပြည်ပပို့ကုန်အမယ်တွေထဲမှာ ဂက်စ်တင်ပို့မှုက ၀င်ငွေ အများဆုံးရတယ်။
မြန်မာငွေကလည်း အဲအချိန်မှာ တန်ဘိုးမြင့်နေမယ်ဆိုရင် အကျိုးအမြတ် များများရတယ်။ တခြားပို့ကုန်က ရောင်းချရတာ နည်းပါးသေးတယ်။ ဒါကို တချို့က ပို့ကုန်တင်ပို့နိုင်ဖို့ဆိုပြီး အတင်းကြီးဈေးကို ဆွဲချနေတယ်။ တရုတ်ပြည်မှာက တင်ပို့မယ့် ကုန်ပစ္စည်းအမယ်က ပေါများနေတယ်။
ဒီအတွက် သူတို့ ယွမ်ငွေ တန်ဘိုးကျတာက သိပ်အရေးမကြီးဘူး။ အစိုးရသစ်တက်ပြီးပြီးချင်း နောက်ပိုင်းမှာတုန်းက ငွေကြေးအခြေအနေတွေ မြန်မာကျပ်ငွေ ဈေးမာပြီး ဈေးငြိမ်လာတော့ ခိုင်ခိုင်မာမာရှိလာတယ်။
အခုတော့ တန်ဘိုးက တဖြည်းဖြည်း ကျလာတယ်။ စီးပွားရေးကဏ္ဍတစ်ခုလုံးကို သုံးသပ်ရမယ်ဆိုရင် ဒီနိုင်ငံမှာ ကောင်းတာရှိသလို မကောင်းတာလည်း ရှိတယ်။
အဓိက လူတွေရဲ့အပြုအမူ၊ မှတ်ယူမှုတွေ အားလုံးပြုပြင်ရမယ်။ မြန်မာလူမျိုးတွေရဲ့ အကျင့်က မျှော်မှန်းချက် နည်းပါးတယ်။ ရရင် ရသလောက်ပဲလုပ်မယ်။ မရလည်း အရေးမကြီးဘူးဆိုတာမျိုးတွေ ရှိတတ်တယ်။ ဒါတွေ အားလုံး ပြင်ဆင်ရမယ်။
ဒေါ်အောင်ဆန်းစုကြည်ကို အားကိုးတယ်ဆိုတာထက် ကိုယ်ကိုယ်တိုင်က သူ့လို ဖြစ်လာဖို့ လုပ်သင့်တယ်။ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ကို လေးစား တယ်ဆိုတာထက် သူ့ခြေလှမ်းအတိုင်း လှမ်းနိုင်အောင်ကြိုးစားဖို့ လိုပါတယ်။
မြန်မာလူမျိုးတွေက လက်ခုပ်တီးတဲ့သူ သိပ်လုပ်ကြတယ်။ ကိုယ်တိုင် လက်ခုပ်တီးခံရတဲ့သူ ဖြစ်ဖို့၊ လုပ်ဖို့ လိုအပ်တယ်။

0 comments:

Post a Comment

 
ရိုးမပြည် © 2013. All Rights Reserved. Powered by Blogger
Top